အထပ်မြင့် အဆောက်အအုံးဒီဇိုင်းနှင့် ငလျင်ဒဏ်ခံနိုင်မှု
ဂျပန်နိုင်ငံတွင် ၁၉၈၁ ခုနှစ်မှစ၍ ငလျင်ဒဏ်ခံနိုင်ရည် စိတ်ချစေနိုင်သည့် ဒီဇိုင်းပညာရပ် ( Structural Safety Seismic Design) ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြသည်။ ထိုအချိန်မှစတင်၍ လေးထောင့်ပုံသံထည်တိုင် (Square Steel Tube Column) နှင့် H-ပုံသံထည်ရက်မ (H- Shape Beam) များကို အသုံးပြုထားသည့် Steel Moment Resistant Frame (MRF) Structure များအား အများအပြားအသုံးပြုတည်ဆောက်လာကြသည်။
အထပ်မြင့်အဆောက်အအုံးများတည်ဆောက်လုပ်ရန် ဒီဇိုင်းတွက်ချက်ရာတွင် သံထည်တိုင်နှင့် ရက်မတို့၏ ကွေးညွတ်အားအချိုး (Bendinng Strength Ratio of Column to Beams) ကို အခြေခံသည့် ဒီဇိုင်းစနစ်များကို အသုံးပြုလျက်ရှိကြပြီဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော ၁၅နှစ်ခန့်ကတည်းကပင် ဂျပန်နိုင်ငံတွင် သံထည်နှင့်ကွန်ကရစ် ပေါင်းစပ်အသုံးပြုသည့် Composite Structure ( Concrete- filled Steel Tubes Columns and Composite Beams) စနစ်ကိုလည်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိနေပေသည်။
ငလျင်လှုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးမှုများအားထိန်းချုပ်နိုင်ရန်အတွက် လိမ်ကွေးချုပ်တန်းများ (Bucking Restraint Braces)နှင့် လျှောဖြတ်အားထိန်းနံရံများ (Shear Panel) ထည့်သွင်းတည်ဆောက်ရမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိလာကြသည်။ သို့ဖြစ်၍ ဒီဇိုင်းပညာရှင်များသည် ပုံစံရေးဆွဲရာတွင် ယင်းတို့ကို ထည့်သွင်းတွက်ချက်ရေးဆွဲမှုပြုလုပ်လျှက်ရှိကြပြီးဖြစ်သည်။
အထူးသဖြင့် အထပ်မြင့်အဆောက်အအုံများ တစ်နည်းအားဖြင့် အမြင့် 60 meter ထက်မနည်းရှိသော အဆောက်အအုံများသည် အထက်ကဖော်ပြခဲ့သည့် MRF Structure များဖြစ်ကြသည်။
ထို Structure များအတွက် ငလျင်ဒဏ်ခံနိုင်ရန်အတွက် အထက်ပါ Buckling Restraint Braces သို့မဟုတ် Shear Panel များကို Dampers များအဖြစ် ထည့်သွင်းတည်ဆောက်လျက် ရှိကြသည်။
ဂျပန်နိုင်ငံတွင် ၁၉၉၅ ခုနှစ်က ဟန်ရှင်ငလျင်ကြီး (The Great Hanshin Earth Quake) ဟု ငလျင်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယင်း၏တုန်ခါမှုအရ မြို့ကြီးများတွင် ပျက်စီးဆုံးရှုံးခဲ့မှုများအပေါ် လေ့လာစူးစမ်းရရှိသောအချက်အလက်များမှ သံထည် Structure များ၌ အောက်ပါနေရာ သုံးမျိုးတို့တွင် အများဆုံးပျက်စီး ရှိသည်ကို တွေ့ရှိခဲ့ကြသည်-
(က) သံထည်တိုင်အောက်ခြေများ (Fracture of Exposed Column Bases)
(ခ) သံထည်ရက်မနှင့် တိုင်ဂဟေဆက်သည့် အဆက်နေရာများ (Fracture of Beam- End Welded Connections)
(ဂ) ဝန်အားကို အများဆုံးခံရသော ဝန်ခံရက်မ၊ တိုင်တို့၏ကျွတ်ဆက်သည့်နေရာများ (Brittle Fracture of Heavy Guage Structure Members)
ထိုတွေ့ရှိချက်များအရ ဂျပန်နိုင်ငံ အဆောက်အအုံ ကိုဓဥပဒေ (Building Structural Law of Japan) တွင် အောက်ပါအချက်သုံးချက်ကို ဖြည့်စွက်ရေးဆွဲခဲ့ကြသည်-
(က) အုတ်မြစ်နှင့်တိုင်များ ဆက်စပ်သည့်အဆက်နေရာများအား မည်သို့ဆောင်ရွက်ရမည်ကို တိကျစွာ သတ်မှတ်ပြဌာန်းခြင်း။
(ခ) သံထည်များအား ဂဟေဆော်ဆက်စပ်မှုတစ်သားတည်းရှိစေရေး၊ အဆက်နေရာများခိုင်ခန့်မှုရှိစေရန် အသုံးပြုသည့်သံဂဟေဆက်ပစ္စည်းများ အမျိုးအစားကောင်းမွန်စေရေးတို့အတွက် စံချိန်စံညွှန်းများ (Specifications) ကိုတိကျစွာ သတ်မှတ်ပြဌာန်းခြင်း။
(ဂ) တည်ဆောက်ရာတွင် အသုံးပြုမည့်သံထည်ပစ္စည်းများ (Structural Materials) နှင့်စပ်လျဉ်း၍ အသုံးပြုသင့်သည့် ပစ္စည်းအမျိုးအစား ကိုသာ တိတိကျကျသတ်မှတ်ဖေါ်ပြထုတ်ပြန်ထားခြင်း။
(ဂျပန်နိုင်ငံတွင် အသုံးပြုမည့်သံထည်ပစ္စည်းများ၏ စံချိန်စံညွှန်းအား ကြိုတင်တင်ပြ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ အသုံးပြုခွင့်ရှိသည်။)
ဤကဲ့သို့ ပြင်ဆင်ပြီးသော ဥပဒေတွင် သံထည်၏ Upper and Lower Limit for Yield Point Specification of Charpy Impact Values တို့ကို သတ်မှတ်ချက်များပါရှိရန် ဖေါ်ပြထားသည်။
ငလျင်ဒဏ်ခံနိုင်ရည်ရှိသော ဒီဇိုင်းပြုစုသူ (Structural Designer) သည်ဆောက်လုပ်ငန်းခွင်တွင် ဆောင်ရွက်မှုများအား ပုံမှန်စစ်ဆေးမှု ပြုလုပ်ရန် သာမက အသုံးပြုသော ပစ္စည်းများကိုလည်း တိတိကျကျစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
ဟန်ရှင်ငလျင်ကြီး၏ အကျိုးဆက်သင်ခန်းစာရလဒ်များအရ အသစ်ပြင်ဆင်ရေးထားသည့် ဂျပန်နိုင်ငံအဆောက်အအုံးကိုဓဥပဒေသစ်သည် ငလျင်ဒဏ်ခံသံထည်ဒီဇိုင်း (Seismic Design of Steel Structure) ပညာရှင်အတွက် တိုးတက်မှုကြီးမားစွာ ဖြစ်ထွန်းလာစေပေသည်။
ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးစနစ်
ဂျပန်နိုင်ငံတွင် ဟန်ရှင်ငလျင်ကြီး လှုပ်ခါမှုဖြစ်ပေါ်ခဲ့ပြီးနောက် လေ့လာရရှိခဲ့သည့် သင်ခန်းစာများမှသည် သံထည်တည်ဆောက်မှုလုပ်ငန်း၌ တိုးတက်အောင်မြင်မှုရယူနိုင်ခဲ့ကြပေသည်။ ဥပမာအားဖြင့် အပျက်အစီးများတတ်သည့် အဆက်နေရာများအား နည်းလမ်းပြုပြင်ဆောင်ရွက်ခြင်း၊ ထုတ်လုပ်သည့်သံထည်များကိုလည်း အရည်အသွေးမြင့်မားအောင် ထုတ်လုပ်သုံးစွဲလာကြခြင်း တို့အပြင် ကြံစည်တီထွင်မှု အသစ်များကိုပါ ပြုလုပ်လာနိုင်ကြသောကြောင့် သံထည်အဆောက်အအုံများသည် ငလျင်ဒဏ်ပိုမိုခံနိုင်ရည်ရှိလာသည်ကို တွေ့ရှိကြရသည်။
ဤကဲ့သို့ လေ့လာတွေ့ရှိချက်များအနက် သံထည်ပစ္စည်းကိုယ်ထည်နှင့် အောက်ခံအုတ်မြစ်သီးခြားခွဲခြားထားသော ဆောက်လုပ်ရေးစနစ် (Hybrid Construction of Steel and Base- IsoIated Structure) ဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံးများသည် ငလျင်ဒဏ်ခံရသည့်အခါတွင် အခြားသမာရိုးကျနည်းစနစ်များဖြင့် တည်ဆောက်ထားသည့်သစ်သား၊ သံကူကွန်ကရစ်နှင့်သံထည် အဆောက်အအုံများကဲ့သို့ ပျက်စီးမှုမရှိသည်ကို ဟန်ရှင်ငလျင်ကြီးအပြီးတွင် စစ်ဆေးတွေ့ရှိလာခဲ့ကြသည်။
ထို့အပြင် ၂၀၀၄ ခုနှစ်က တုန်လှုပ်ခဲ့သည့် နီဝါတာချူအစု ငလျင်အပြီးတွင် စစ်ဆေးတွေ့ရှိမှုများအရ ဟန်ရှငိးငလျင်တွေ့ရှိချက်သည် ပိုမိုခိုင်မာလာပေတော့သည်။ အကြောင်းမှာ စစ်ဆေးလေ့လာချက်အရ ထို Basic- Isolated Structure များအဖြစ် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံးများသည် ငလျင်ဒဏ်ကိုခံနိုင်ရည်ရှိရုံသာမက အဆောက်အအုံးတွင် ထည့်သွင်းထားသည့် စက်ပစ္စည်းများကိုပါ ပျက်စီးဆုံးရှုံးမှု မဖြစ်စေနိုင်သည်ကို တွေ့ရှိရသောကြောင့်ပင်ဖြစ်သည်။
သို့ဖြစ်၍ နောင်အနာဂတ်တွင် Hybrid Structures Combining both Steel and Base-Isolated Structure စနစ်များ အသုံးပြုသည့် တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်များပြားလာမည်ဟု ခန့်မှန်းထားကြပေသည်။